ကီးဘုတ်ကို ကွန်ပျူတာတွေကြား မျှဝေ သုံးစွဲနိုင်စေမယ့် Barrier

အလုပ်စားပွဲမှာ Deskop တစ်လုံး Laptop တစ်လုံးနဲ့မို့ ဟိုဘက်ကီးဘုတ် ဒီဘက်ကီးဘုတ် ဗျာများနေရပါသလား။ Network တစ်ခုမှာ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေကြား Keyboard Sharing, Clipboard Sharing အလွယ်တကူ လုပ်နိုင်မယ့် Barrier ဆိုတဲ့ Open-source Software လေးအကြောင်း မိတ်ဆက်ပေးပါရစေ။
Screenshot of Barrier Software
Screenshot of Barrier Software

ကိုယ့်အလုပ်စားပွဲက စားပွဲတင် ကွန်ပြူတာ (Desktop) နဲ့ လက်ဆွဲ ကွန်ပျူတာ (Laptop) တို့ကြား ဟိုဘက်ပြေးနှိပ်လိုက် ဒီဘက်ပြေးနှိပ်လိုက် ဗျာများနေရပါသလား။ စမ်းကြည့်ချင်နေတဲ့ Raspberry Pi လေး အတွက် ကီးဘုတ် မောက်စ် တစ်စုံ ထပ်ဝယ်ရဦးမှာမို့ အသုံးစရိတ် တွက်နေရပါသလား။ ဈေးကွက်ထဲမှာ ကွန်ပျူတာ နှစ်လုံးသုံးလုံး တစ်ပြိုင်နက် ချိတ်ဆက်သုံးနိုင်တဲ့ Wireless Bluetooth ကီးဘုတ်တွေ ရှိပေမယ့် ဈေးမြောက်လို့ ညည်းနေရပါသလား။ ဒီပြဿနာတွေကို စမတ်ကျကျ ဖြေရှင်းနိုင်မယ့် Open-source Software လေးတစ်ခု ရှိနေပါပြီ။

Barrier ဆိုတာ သင့်ကွန်ပျူတာတွေကြားက အကန့်အသတ်တွေကို ချေဖျက်ပေးပြီး အဓိက ကီးဘုတ် မောက်စ် တစ်စုံနဲ့တင် Network ထဲက ကွန်ပျူတာ တစ်လုံးနဲ့တစ်လုံး တစ်နည်း Screen တစ်ခုကနေ တစ်ခု အလွယ်တကူ ကူးလူး ထိန်းချုပ်နိုင်စေမယ့် Open-source KVM Software တစ်ခု ဖြစ်ပါတယ်။

အတွေ့အကြုံအရ ကွန်ပျူတာတစ်လုံးကို အပိုမော်နီတာ ချိတ်ဆက်ပြီး Screen နှစ်ခုမှာ အသုံးပြုနေရသလိုမျိုးကို လွယ်ကူလှပါတယ်။

Barrier ကို အဓိကအသုံးပြုနေတဲ့ ကွန်ပျူတာနဲ့ ကီးဘုတ်နဲ့ မောက်စ် မျှဝေအသုံးပြုလိုတဲ့ ကွန်ပျုတာတွေမှာ Install လုပ်ပြီး Server နဲ့ Client အဖြစ် ချိတ်ဆက်ပေးရမှာ ဖြစ်ပါတယ်။

အဲဒီအခါ အဓိက အသုံးပြုနေတဲ့ ကွန်ပျူတာက Cursor ကို ကြိုတင်သတ်မှတ်ထားတဲ့ အစွန်းတစ်ဘက်ကနေ ကျော်လွန်ပြီး ရွှေ့လိုက်တာနဲ့ ဒုတိယ ကွန်ပျူတာ Screen ကို ရောက်ရှိသွားမှာ ဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့ ကီးဘုတ် မောက်စ်နဲ့ပဲ ဒုတိယ ကွန်ပျူတာမှာ အလျင်မပြတ် ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာတစ်လုံးက စာတွေကို Copy ယူပြီး အခြားတစ်လုံးမှာ Paste လုပ်တာလို Clipboard Sharing လည်း ရပါတယ်။

Barrier ကို Windows (64-bit), Mac နဲ့ Linux စတဲ့ Operating System တွေအတွက် ဒီနေရာမှာ အခမဲ့ ရယူနိုင်ပါတယ်။

Barrier Downloadhttps://github.com/debauchee/barrier/releases

Raspberry Pi မှာ အောက်ပါအတိုင်း Terminal ကနေတဆင့် apt command နဲ့ Install ပြုလုပ်နိုင်ပါတယ်။ Ubuntu အတွက် apt နဲ့ install ပြုလုပ်နိုင်သလို Snap နဲ့ Flatpak version တွေလည်း ရနိုင်ပါတယ်။

sudo apt install barrier

Leave a Reply