Raspberry Pi OS ကို ပထမဆုံးအကြိမ် Set up ပြုလုပ်ခြင်း

Raspberry Pi OS ကို ပထမဆုံးအကြိမ် Boot တက် အသုံးပြုရာမှာ လုပ်ဆောင်ဖို့ လိုအပ်မယ့် Set Up ကိစ္စလေးတွေ အကြောင်း တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။

Raspberry Pi OS ပထမဆုံးအကြိမ် Boot တက်လာတဲ့အခါမှာ Welcome to Raspberry Pi ခေါင်းစဉ်နဲ့အတူ စတင်အသုံးမပြုခင် Set up ပြုလုပ်ရမယ့် ကိစ္စလေးတွေအတွက် Window တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီကမှ Next ကို နှိပ်ပါ။

Welcome to Raspberry Pi
Welcome to Raspberry Pi

နောက်တစ်မျက်နှာမှာတော့ အသုံးပြုသူရဲ့ နိုင်ငံ၊ (ကီးဘုတ်အတွက်) ဘာသာစကားနဲ့ အချိန်ဇုန်ကို ရွေးချယ်ပေးရမယ့်နေရာ ဖြစ်ပါတယ်။ အပေါ်ဆုံး နိုင်ငံ (Country) နေရာမှာ Myanmar (Burma) ကို ရွေးချယ်ပေးလိုက်တာနဲ့ ကျန်တဲ့အကွက်တွေပါ အလိုအလျောက် သင့်တော်ရာကို ဖြည့်ပြီး ဖြစ်သွားပါလိမ့်မယ်။

Raspberry Pi Set Country
Raspberry Pi Set Country

ဒါပေမဲ့ ရှေ့ဆက်ရမယ့် အဆင့်တွေမှာ မြန်မာဘာသာနဲ့ အဆင်ပြေဦးမှာ မဟုတ်လို့ ကီးဘုတ်နဲ့ ဘာသာစကားကို အင်္ဂလိပ်လိုပဲ ဆက်လက်သုံးစွဲဖို့ အကြံပြုလိုပါတယ်။ အဲဒီအတွက် အောက်နားက Use English language နဲ့ Use US keyboard ဆိုတဲ့ Option နှစ်ခုကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီးရင် Next ကို နှိပ်ပြီး နောက်တစ်ဆင့်ကို သွားပါ။

မြန်မာစာ ရိုက်ဖို့၊ သုံးဖို့အတွက် မြန်မာဖောင့်နဲ့ ကီးဘုတ်ကို နောက်မှ လွယ်လွယ်ကူကူ ထပ်ထည့်နိုင်ပါတယ်။

တတိယအဆင့်မှာတော့ OS နဲ့ တစ်ပါတည်း ပါလာတဲ့ လက်ရှိ User ‘pi’ ရဲ့ Password ကို ပြောင်းလဲသတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ pi ရဲ့ မူရင်း Password က raspberry ဖြစ်ပြီး OS တိုင်းမှာ ဒါပဲ ပုံသေမို့ လုံခြုံရေးအရ မသင့်တော်ပါဘူး။ အဲဒီအတွက် အသုံးပြုလိုတဲ့ Password တစ်ခုကို နှစ်ခါ ရိုက်ထည့်ပေးပြီး နောက်တစ်ဆင့်ကို သွားပါ။

Raspberry Pi Change Password
Raspberry Pi Change Password

ဒီအဆင့်မှာတော့ အသုံးပြုနေတဲ့ Monitor သို့မဟုတ် TV မှာ Raspberry Pi OS Desktop က အဆင်ပြေပြေ ပေါ်မပေါ် ကြည့်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် Screen တစ်ခုလုံးအပြည့် ပေါ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ ဘေးဘောင်တွေမှာ လက်တစ်လုံးစာ အမည်းသားတွေ ကျန်နေမယ်ဆိုရင်တော့ ပေးထားတဲ့ Option မှာ အမှန်ခြစ်ပေးလိုက်ပါ။ နောက်တစ်ကြိမ် Boot တက်တဲ့အခါမှာ အဆင်ပြေပြေ Screen အပြည့် ပေါ်လာပါလိမ့်မယ်။

Raspberry Pi Set Up Screen
Raspberry Pi Set Up Screen

နောက်ဆုံးအဆင့် အနေနဲ့ အင်တာနက် ချိတ်ဆက်ပြီး Software Update ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။ နောက်မှ လုပ်ချင်သူများ Skip ကိုနှိပ်ပြီး ကျော်နိုင်ပါတယ်။

Set up လုပ်ရင်း တစ်လက်စတည်း Software Update လုပ်ချင်သူများကတော့ ပေါ်လာတဲ့ Network စာရင်းထဲက အသုံးပြုနေတဲ့ Wifi ကို ရွေး၊ Next နှိပ်၊ Password ဖြည့်ပြီး ချိတ်လိုက်ပါ။

Raspberry Pi Select Wireless Network
Raspberry Pi Select Wireless Network

အဲဒီအခါ Software Update လုပ်ဖို့ အဆင့်ကို ရောက်သွားပြီး Next ကို နှိပ်လိုက်တာနဲ့ Software Update လုပ်နေတဲ့အဆင့်ကို ရောက်သွားပါမယ်။

လုပ်ဆောင်ချိန်ကိုတော့ Download ချရတဲ့ ပမာဏနဲ့ အသုံးပြုနေတဲ့ အင်တာနက်အမြန်နှုန်းအပေါ် မူတည်ပြီး စောင့်ရပါလိမ့်မယ်။

Raspberry Pi Update Software
Raspberry Pi Update Software

နောက်ဆုံး System is up to date ဆိုတဲ့ Dialogue Box ပေါ်လာပြီး OK နှိပ်ပေးလိုက်ရင်တော့ Setup Complete ဆိုတဲ့ Window နဲ့အတူ Restart ချဖို့ ပြနေတာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် Restart ချပေးလိုက်ပါ။

Raspberry Pi Setup Complete
Raspberry Pi Setup Complete

ခုဆိုရင်တော့ Raspberry Pi OS ကို ပထမဆုံးအကြိမ် Set up ပြုလုပ်ခြင်း အဆင်ပြေပြေနဲ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

2 Comments

Leave a Reply