WordPress Local Development အတွက် ရွေးချယ်စရာ Local

WordPress CMS ကို စတင်လေ့လာ အသုံးပြုနေသူတွေအတွက် သာမက အကျွမ်းဝင်ပြီးသား Developer တွေအတွက်ပါ အလုပ်ရှုပ်ခံ အချိန်ကုန်ခံစရာ မလိုဘဲ Local ကို လွယ်လင့်တကူ အသုံးပြုနိုင်ပါတယ်။
Local "Lightning" - www.localwp.com
Local “Lightning” – www.localwp.com

WordPress CMS ကို Local Development ပြုလုပ်ချင်တဲ့ Designer တွေ၊ Developer တွေနဲ့ ကွန်ပျူတာထဲမှာ အလွယ်တကူ စမ်းသပ်လေ့လာ အသုံးပြုချင်သူတွေ ရွေးချယ်နိုင်စေဖို့ Local “Lightning” အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

WordPress ဝဘ်ဆိုက်တစ်ခုကို စက်ထဲမှာတင် Host လုပ်ထားနိုင်အောင် ကွန်ပျူတာထဲမှာ Web Server Environment တစ်ခု တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။

အဲဒီအတွက် Windows မှာ XAMPP နဲ့ Bitnami ၊ Mac မှာ MAMP အစရှိတဲ့ Software တွေနဲ့ Linux မှာတော့ LAMP Server တို့ကို ထည့်သွင်း အသုံးပြုလေ့ ရှိကြပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက WordPress သမားတွေအတွက် ယေဘုယျဆန်ပြီး Web Development နဲ့ အကျွမ်းဝင်ပြီးသား သူတွေတောင် တတ်နိုင်သမျှ အချိန်ကုန် မခံလိုကြပါဘူး။

Local “Lightning” ဟာ WordPress CMS အသားပေး Local Development ပြုလုပ်နိုင်စေမယ့် Software တစ်ခုဖြစ်ပြီး လုပ်ဆောင်နိုင်စွမ်း စုံလင်သလို အသုံးပြုရတာလည်း ရိုးစင်း လွယ်ကူပါတယ်။ ကွန်ပျူတာထဲမှာ WordPress Site တစ်ခု အဆင်ပြေပြေ လည်ပတ်နိုင်စေဖို့ လိုအပ်တာတွေ အစုံအလင် Local မှာ တစ်ပါတည်း ပါဝင်ပါတယ်။

WordPress Site တစ်ခုအတွက် အလိုရှိရာ ဆိုက်နာမည် ပေးပြီး Username နဲ့ Password ထည့်ပေးလိုက်ရုံနဲ့ Database တည်ဆောက်တာ၊ နောက်ဆုံးထွက် WordPress CMS ကို Download ချပြီး Install လုပ်တာ၊ အသုံးပြုရလွယ်အောင် .local extension နဲ့ Virtual Host လုပ်ပေးတာ စတဲ့ လိုအပ်သမျှ Set Up အပိုင်းတွေကို Local က နောက်ကွယ်မှာ အလိုအလျောက် ဆက်လက် လုပ်ဆောင်သွားပါလိမ့်မယ်။ ပြီးရင်တော့ ပူပူနွေးနွေး WordPress ဝဘ်ဆိုက်အသစ်ကို သတ်မှတ်ထားတဲ့ .local လိပ်စာကို အသုံးပြုပြီး Browser မှာ အလွယ်တကူ ဝင်ရောက် ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Local Website တွေအတွက် Local ရဲ့ Web Server က သမရိုးကျ http://localhost:8080/<sitename> ဆိုတဲ့ လိပ်စာအစား <sitename>.local ဆိုတဲ့ Virtual Host နဲ့ ပုံသေသတ်မှတ် ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဥပမာ – http://testing.local ။ မိမိနှစ်သက်ရာ domain extension တွေနဲ့လည်း ပြောင်းသုံးနိုင်ပါတယ်။

Running Local
Running Local

Local မှာ လူသုံးများတဲ့ Apache နဲ့ Nginx Web Server နှစ်မျိုးစလုံး ပါရှိပြီး နှစ်သက်ရာကို အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ PHP version အချို့ကိုလည်း ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ Database ကို စီမံခန့်ခွဲနိုင်ဖို့ Adminer နဲ့ Mail အဝင်အထွက်တွေ စမ်းသပ်ဖို့ Mailhog စတဲ့ Tool တွေလည်း ပါဝင်ပါတယ်။

စက်ထဲက Development Website ကို အွန်လိုင်းကနေ အခြားသူတွေဆီ အလွယ်တကူ Live Link နဲ့ နမူနာ ပြနိုင်စေမယ့် ngrok နဲ့ Command Line ကတဆင့် WordPress ဝဘ်ဆိုက်တစ်ခုကို စီမံခန့်ခွဲ နိုင်စေမယ့် WP-CLI လည်း ပါဝင်ပြီးသားမို့ WordPress Developer တွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

အရင်က Local by Flywheel လို့ လူသိများတဲ့ ဒီဆော့ဝဲလ်ဟာ Local “Lightning” ဆိုတဲ့ နာမည်သစ်နဲ့အတူ နည်းပညာအရပါ ပြန်လည်ဆန်းသစ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ယခုအခါမှာ Windows နဲ့ Mac အတွက်သာမက Linux အတွက်ပါ https://www.localwp.com ကနေ အခမဲ့ ရယူနိုင်ပြီ ဖြစ်ပါတယ်။

Local “Lightning” Downloadhttps://www.localwp.com

ထပ်တိုး လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Local Pro version လည်း ရှိပေမယ့် Theme တွေ Plugin တွေ စမ်းကြည့်ဖို့ ဒါမှမဟုတ် ကိုယ်တိုင် အသစ်ရေးဖို့၊ WoredPress CMS အသုံးပြုပုံ လေ့လာဖို့ စတာတွေ အတွက်တော့ အခမဲ့ ဗားရှင်းနဲ့တင် လုံလောက်တာကို တွေ့ရပါတယ်။

One comment

Leave a Reply