Yangon Galacticos အသင်း Razer SEA Invitational 2020 တွင် တတိယ ရရှိ

Razer SEA Invitational 2020 ၏ Mobile Legends ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု Yangon Galacticos (YG) အသင်းက တတိယ ရရှိခဲ့သည်။
Yangon Galacticos MLBB Team
Yangon Galacticos MLBB Team
Photo Credit: Myanmar Electronic Sports League

Yangon Galacticos (YG) အသင်းသည် ယနေ့ (ဇူလိုင် ၁၁ တွင်) ကျင်းပသော Razer SEA Invitational 2020 ၏ Mobile Legends ပြိုင်ပွဲ Lower Bracket Final ရှုံးထွက်ပွဲစဉ်တွင် ဖိလစ်ပိုင် ကိုယ်စားပြု Bren Esports အသင်းကို ရှုံးနိမ့်ကာ တတိယနေရာဖြင့် ကျေနပ်ခဲ့ရသည်။

YG အသင်းသည် အုပ်စု(ခ) တွင် အင်ဒိုနီးရှား၊ ကမ္ဘာဒီးယား၊ လာအို၊ ဖိလစ်ပိုင် အသင်းတို့နှင့်အတူ ယှဉ်ပြိုင်ခဲ့ရကာ အင်ဒိုနီးရှားနှင့် လာအိုအသင်းတို့ကို နှစ်ပွဲပြတ်စီ အနိုင်ရရှိပြီး ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အသင်းတို့နှင့် တစ်ပွဲစီ သရေကျခဲ့သည်။ အုပ်စုတွင်း ရပ်တည်မှုအရ ဖိလစ်ပိုင်နှင့် အမှတ်တူနေ၍ အုပ်စုဗိုလ်လုပွဲစဉ် တစ်ပွဲ ထပ်မံယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ပြီး အုပ်စုဒုတိယဖြင့် ရှုံးထွက်ပွဲစဉ် Lower Bracket ကို တက်ရောက်ခဲ့သည့်။

Lower Bracket အဖွင့်ပွဲတွင် အုပ်စု(က) ဒုတိယ မလေးရှား ကိုယ်စားပြု Geek Fam အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး Lower Bracket Final သို့ တက်ရောက် နိုင်ခဲ့သော်လည်း ဖိလစ်ပိုင် အသင်းအား ရှုံးကြွေးမဆပ်နိုင်ဘဲ နှစ်ပွဲပြတ် အရေးနိမ့်ကာ တတိယနေရာဖြင့် ကျေနပ်ခဲ့ရသည်။

Razer SEA Invitational 2020 ပြိုင်ပွဲကို ဂိမ်းကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ အဓိက ထုတ်လုပ်သော Razer ကုမ္ပဏီက စီစဉ်ကျင်းပခြင်းဖြစ်ပြီး Dota2, PUBG Mobile နှင့် Mobile Legends ပြိုင်ပွဲသုံးရပ်တွင် အရှေ့တောင်အာရှဒေသ နိုင်ငံ ၁၀ နိုင်ငံမှ အသင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာ Dota2 အသင်းနှင့် PUBG Mobile အသင်းတို့မှာ သက်ဆိုင်ရာပြိုင်ပွဲများတွင် အောက်အဆင့်များဖြင့်သာ ထွက်ခွာခဲ့ရပြီး ဖြစ်သည်။

Leave a Reply