WordPress 5.5 Eckstine အကြောင်း

WordPress 5.5 "Eckstine" မှာ ပါဝင်လာတဲ့ ထပ်တိုး လုပ်ဆောင်ချက်တွေ၊ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ အကြောင်း ပြောပြချင်ပါတယ်။

ဩဂုတ်လ ၁၁ ရက်နေ့က WordPress ရဲ့ နောက်ဆုံးပေါ် Version 5.5 “Eckstine” ထွက်ရှိခဲ့ပါတယ်။ သူ့မှာ ပါဝင်လာတဲ့ ထပ်တိုး လုပ်ဆောင်ချက်တွေ၊ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ အကြောင်း ပြောပြချင်ပါတယ်။

WordPress 5.5 "Eckstine"
WordPress 5.5 “Eckstine”

“Speed. Search. Security” လို့ အထူးပြု ညွှန်းဆိုထားတဲ့ ဒီ WordPress version သစ်မှာ အဲဒီကဏ္ဌသုံးရပ်နဲ့ ပတ်သက်ပြီး သိသာတဲ့ အပြောင်းအလဲတွေ ပါဝင်လာသလို ပင်မ “Gutenberg” Block Editor မှာလည်း ထပ်တိုး လုပ်ဆောင်ချက်တွေ ပါဝင်လာတာ တွေ့ရပါတယ်။

Speed

WordPress 5.5 မှာ ပုံတွေအတွက် Lazy Loading လုပ်ဆောင်ချက် တစ်ပါတည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ဝဘ်စာမျက်နှာ အောက်ပိုင်းက ပုံတွေကို ဖတ်ရှုသူတွေ Scroll ဆွဲ ကြည့်ရှုချိန်မှသာ Browser က လိုအပ်သလို ဆွဲယူဖော်ပြပေးတဲ့ နည်းပညာ ဖြစ်ပါတယ်။ မလိုအပ်သေးတဲ့ ပုံတွေအတွက် Loading Time တွေ လျှော့ချပေးနိုင်လို့ ဝဘ်စာမျက်နှာ ပွင့်ချိန် ပိုမို မြန်ဆန်လာစေမှာ ဖြစ်ပါတယ်။

အရင်က Jetpack သို့မဟုတ် အခြား Plugin တွေ သုံးမှသာ ဒီလုပ်ဆောင်ချက်ကို ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

Search

ဒါ့အပြင် ဒီ WordPress version သစ်မှာ Plugin အသုံးပြုစရာ မလိုဘဲ XML Sitemap ဖိုင်ကို အလိုအလျောက် ထုတ်ပေးနိုင်တော့မှာလည်း ဖြစ်ပါတယ်။ Sitemap ဆိုတာ ဝဘ်ဆိုက်တစ်ခုမှာ ရှိသမျှ စာမျက်နှာတွေ တစ်နည်း URL လိပ်စာတွေ စာရင်း ဖြစ်ပါတယ်။ Google, Yahoo, Bing စတဲ့ Search Engine တွေ ဝဘ်ဆိုက်တစ်ခုကို Crawling, Indexing လုပ်ရာမှာ sitemap.xml ကို စံသဘော သုံးကြတာ ဖြစ်ပါတယ်။ Search Engine တွေက ဝဘ်ဆိုက်ရဲ့ အကြောင်းအရာတွေကို မြန်မြန်သိလေ သူတို့ကတစ်ဆင့် ဖတ်ရှုသူတွေဆီ မြန်မြန် ရောက်နိုင်လေပါပဲ။

လူသုံးများတဲ့ Yoast SEO, All in One SEO Pack စတဲ့ SEO Plugin တွေနဲ့ ပြဿနာ အထွေအထူး မရှိဘဲ တွဲဖက် သုံးစွဲနိုင်ပါတယ်။

Security

Security ပိုင်းမှာတော့ ပိုမို အသုံးတည့် အဆင်ပြေတဲ့ Auto-updates လုပ်ဆောင်ချက် ပါဝင်လာတာ တွေ့ရပါတယ်။ WordPress ဆိုက်တွေရဲ့ လုံခြုံရေးပိုင်း သတိပြုစရာတွေထဲမှာ Up-to-date မဖြစ်တဲ့ Plugin တွေ Theme တွေက အဓိကအချက် အဖြစ် ရှိနေတတ်ပါတယ်။ ယခုအခါမှာတော့ ဆိုက်မှာ သုံးထားသမျှ Plugins နဲ့ Theme တွေအတွက် နောက်ဆုံးထွက် ဗားရှင်းတွေကို အချိန်နဲ့ တစ်ပြေးညီ အလိုအလျောက် Update ပြုလုပ်ပေးဖို့ အလွယ်တကူ ချိန်ညှိထားနိုင်ပြီ ဖြစ်ပါတယ်။

Auto-updates. Credit: wordpress.org

ဒါအပြင့် Plugin နဲ့ Theme တွေကို Zip ဖိုင်အနေနဲ့ Upload လုပ်ပြီး Update ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ Upload ဖိုင်တွေက ဆိုက်မှာ ရှိနေတဲ့ Plugin သို့မဟုတ် Theme ဗားရှင်းအဟောင်းကို အစားထိုး Update ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Block Editor

WordPress 5.5 ရဲ့ Block Editor ပိုင်းမှာတော့ UI ပြောင်းလဲမှုကို စတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပုံတင်တဲ့အခါ လိုအပ်တဲ့ အနေအထားကို တစ်ခါတည်း ပြင်ဆင်ချိန်ညှိ နိုင်မယ့် Inline Image Editing လုပ်ဆောင်ချက်လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

Inline Image Editing. Credit: wordpress.org

WordPress 5.5 မှာ နဂိုမူလ ရှိရင်းစွဲ Block တွေအပြင် အခြား အမျိုးအစားသစ် Block တွေကို ရှာဖွေအသုံးပြုနိုင်မယ့် Block Directory လည်း တစ်ပါတည်း ပါဝင်လာပါတယ်။ လိုအပ်တဲ့ Block အမျိုးအစားကို Editor မှာတင် ရှာဖွေပြီး Plugin အနေနဲ့ Install လုပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အလားတူ Layout အခင်းအကျင်းအတွက် အသင့်သုံး Block patterns တွေလည်း ပါဝင်လာပါတယ်။ လှပပေမယ့် တည်ဆောက်ပုံ ရှုပ်ထွေးနေတတ်တဲ့ အခင်းအကျင်းမျိုးတွေကို အလိုရှိရာနေရာမှာ အလွယ်တကူ ဆွဲယူသုံးစွဲ နိုင်တော့မှာ ဖြစ်ပါတယ်။ ရှိရင်းစွဲ Block patterns တွေ အပြင် Theme တွေ Plugins တွေက တစ်ဆင့် ပိုမို များပြားစုံလင်တဲ့ Layout ပုံစံတွေ ရရှိလာနိုင်မယ်လို့ ဆိုပါတယ်။

Block patterns. Credit: wordpress.org

Gutenberg Editor ပိုင်းမှာဆိုရင် သီးခြားရှိနေတဲ့ Gutenberg Plugin က ဗားရှင်း ဆယ်ခုစာ လုပ်ဆောင်ချက်တွေကို Default အနေနဲ့ ဆွဲပေါင်းလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် WordPress တွေရဲ့ နောက်ဗားရှင်းတွေမှာ ပါဝင်လာမယ့် Full site editing လုပ်ဆောင်ချက်ကို အထောက်အကူ ဖြစ်စေမယ့် အချက်တွေကို ကြိုတင် ထည့်သွင်းပေးလာတာ ဖြစ်ပါတယ်။

Leave a Reply